ပင့်သက်ရှိုက်တဲ့ ဒီဆောင်း

လွန်ခဲ့တဲ့(၁၄)နှစ် ဒီဆောင်းမှာပဲ
ကျွန်တော့်နေ့တွေ ၀မ်းနည်းမှုများလာတယ် ...
အခုလို ရာသီဝန်းကျင်မျိုး
ကျွန်တော် အဖေ့ကိုတမ်းတမိတယ် ...

ကုန်လွန်ခဲ့ပြီလေ
လူသားတွေ သေသူသေ
ရှင်သူတွေထဲ ချမ်းသာသူ ချမ်းသာ
ဆင်းရဲသူတွေ ငတ်ပြတ်လို့ပြတ်
အတက်အဆင်း များပြားလှတဲ့ဘ၀တွေ
ပင့်သက်ရှိုက်သံတွေ စည်းချက်မကျတာ
ကျွန်တော်လည်း အပါအ၀င်ပေါ့ ..
ဒီကြားထဲ .......................
ကျွန်တော် အဖေ့ကိုတမ်းတမိတယ် ...

ဘ၀ကို ရုန်းကန်ရင်း အနေကြပ်လို့
သေရက်ကို စောင့်သူစောင့်
ဘ၀င်တစ်ချို့ကို လည်မှာဆွဲပြီး
မော်ကြွားသူ မော်ကြွား
အဲဒီအထဲ ....
သေရက်ကို ကျွန်တော် စောင့်နေတယ် အဖေ

အပြိုင်ပြေးဆွဲတဲ့ ဘတ်စ်ကားကြပ်ကြပ်ကိုတိုးစီးရင်း
စပယ်ယာ အငေါက်ကိုခံ
လှန်ချင်ပေမယ့် မလှန်ဝံ့တဲ့အဖြစ်
နားလည်မှုပေးခဲ့ရတဲ့
လူတစ်ယောက်စာ အခကြေးငွေအတွက်
ကျွန်တော် စာနာပေးတယ် အဖေ ..

အဖေပေးခဲ့တဲ့ ၅ကျပ်တန်တစ်ရွက်
ကျွန်တော့်အိတ်ကပ်ထဲ အမြဲဆောင်ဖြစ်ခဲ့ရင်း
စပယ်ယာလည်း ကျွန်တော့်လို
၅၀/၁၀၀ ရဖို့အတွက်
သူ့မှာလည်း ချွေးသန်တရဲရဲ
ကျွန်တော့်မှာလည်း ချွေးတစိုစိုနဲ့ပေါ့
ဒီကြားထဲ .............
ကျွန်တော် အဖေ့ကို တမ်းတမိတယ် ...

စစ်ပွဲတွေကြား
22MM ကျည်ဆန် ....
ကျဝံ့တဲ့ မညီညာလမ်းတွေအပေါ်
ကျွန်တော် နင်းလျှောက်ခဲ့တာလည်း အကြိမ်ကြိမ်

တောင်တန်းအလှနဲ့ ကော်ဖီပင်တွေကြား ........
အဆောက်အဦးတစ်ခုရယ် ...
သက်ရွက်ကြွေတွေနဲ့
အစုန်အဆန် ကူးခတ်နေတဲ့ ငါးကလေးတွေ
စီးမျောခွင့်ရတဲ့ စမ်းချောင်းငယ်ရယ် ...
အဲဒီနဘေးက ကျွန်တော်တို့ ခြံလေးကို
ဖြတ်သန်းလာတဲ့ လေပြည်ညှင်းဟာ
ကျွန်တော့်ရင်ထဲ ခံစားမှုတွေ
အပြိုပြိုအလဲလဲဖြစ်စေ
ဒါဟာ ..........
ကျွန်တော် အဖေ့ကို တမ်းတခြင်းတွေပေါ့

သူတစ်ကာ ထူးမဲ့ဒီဇင်ဘာ
သူတစ်ကာမြူးမဲ့ဒီဇင်ဘာ
နှစ်တစ်နှစ် အဆုံးသတ်ဒီဇင်ဘာ
ကျွန်တော့်အတွက်တော့
အခြေမကျ အနေလှ
အပီအပြင်ကြွေကျတဲ့ ဒီဇင်ဘာ .....
အဲဒီ အဆုံးသတ်ဒီဇင်ဘာမှာပဲ
ကျွန်တော် အဖေ့ကိုတမ်းတတယ်

ကျွန်တော် မြို့အနှံကို
ဆိုင်ကယ်တစ်စီးနဲ့ တေလေရိုက်ဖူးတဲ့လူငယ်
သတိရတယ်
တမ်းတတယ်
သို့ပေမယ့် ......
ရန်ပွဲတွေ ခ၀ါချ
ရိုးရိုးကုတ်ကုတ်ပဲ နေခဲ့တယ် အဖေ

ထိုထို ခံစားမှု အပိုင်အစအချို့ကြားမှပဲ
ကိုယ့်ဝမ်းစာအတွက်
မနက်ညတွေ စတေး ...
ထမင်းတစ်နပ်ကို ငုံ့ငုံ့စားနေတတ်ခဲ့ရင်း
အဖေပေးခဲ့ဖူးတဲ့ ၅ကျပ်တန်တစ်ရွက်
ကျွန်တော် ဆက်လက်သိမ်းထားတော့မယ် အဖေ ....။

(သူတကာတစ်ချို့ ရွှင်လန်းတဲ့ ဒီဇင်ဘာ .....
အဖေ့အတွက် လဆန်းပိုင်းမှာ မရေးဖြစ်ခဲ့တဲ့ကဗျာ
နှစ်တစ်နှစ်ရဲ့ အဆုံးသတ်နေ့မှာ ကျွန်တော် ကဗျာတစ်ပုဒ်နဲ့ ကန်တော့ပါရစေ .. အဖေ ....။)

16 comments:

Craton said...

ကဗျာဖတ်ပြီးစိတ်မကောင်းပါ။ သွားလေသူကသွားပေမယ့် ကျန်ရစ်သူက တာဝန်တွေတစ်သီကြီး ဆက်ထမ်းနိုင်အောင် ကျေပွန်အောင် ဆက်ကြိုးစားပါ အစ်ကို။
ဆက်လက်လည်းသိမ်းထားပါ။ အမှတ်တရဆိုတာ ကျောက်ဖြစ်ရုပ်ကြွင်းတွေလိုပဲ သက်တမ်းကြာလာတာနဲ့အမျှ တန်ဖိုးရှိပါတယ်

moeswe-moeswe said...

လွန်ခဲ့တဲ့ ၁၄ နှစ်က ဆောင်းအတွက် ဒီဆောင်းမှာ ရင်ထဲက မပြောင်းလဲတဲ့ ခံစားချက်တွေနဲ့ ရေးဖွဲ့ထားတဲ့ကဗျာလေးကို အတူတူခံစားသွားပါတယ် သူငယ်ချင်းရေ
သင်္ခါရဆိုတာ လူတိုင်းလက်သင့်မခံတဲ့အရာတစ်ခုပဲ..
တစ်နေ့နေ့ တစ်ချိန်ချိန် ဆိုတာ သိနေပေမဲ့လဲ....
တတ်နိုင်သလောက် ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးကွာရခြင်းတရားကို လက်သင့်မခံချင်သေးဘူး....

ညရဲ့ကောင်းကင် said...

ညီရေ ကဗျာဖတ်ပြီး စိတ်မကောင်းပါဘူး...
အဖေ့ကို သတိရရင် ပိုကြိုးစားပေါ့ကွာ ...
ကောင်းမွန်တဲ့ ဘုံဘ၀က အဖေက ညီရဲ့ ကြိုးစားအားထုတ်မှုတွေကို ပီတိဖြစ်နေမှာပါ...

မင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ နိုင်ပါစေဗျာ....

ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်

ပန်းခင်းလေး said...

ကဗျာလေးဖတ်ပြီး ညီမလေး စိတ်ထဲတော်တော်မကောင်းဖြစ်သွားတယ် . . .
ဘာပဲဖြစ်ဖြစ် ... ကိုကြီးဘ၀ကို ဒီထက်မက
မြင့် တင်နိုင်အောင်ကြိုးစားပါ ...
ဒါဆို ဖေဖေလည်းကျေနပ်နိုင်မှာပေါ့  ..
ကျန်နေရစ်တဲ့ မေမေ့ ကိုလည်း ဂရုစိုက်ရင်း
အောင်မြင်မှုတွေဖန်တီးနိုင်တဲ့  နှစ်သစ်လေးကို
ပိုင်ဆိုင်နိုင်ပါစေလို့  ဆုတောင်းပေးသွားတယ် ...

အဆင်ပြေခြင်းများစွာပိုင်ဆိုင်နိုင်ပါစေ ...

အဖြူရောင်နတ်သမီး said...

ဆုတောင်းပေးခဲ့တယ်နော်....
--------------------------------------------------------
2010 is at the door...
Remember...Life is short,
break the rules,
forgive quickly,
kiss slowly,
love truly,
laugh uncontrollably,
and never regreat anything that made you smile.

Mydiary said...

ကဗျာလေးကို ဖတ်ပီး တော်2ခံစားရတယ်
အဖေပျော်ရွှင်ပါစေ.....

May Zin said...

အကိုရေ.....ညီမလေးက ၉ နှစ်ကျော်လောက်လွမ်းပြီး
ပြီး...း( ( ပါးပါးကိုလေ)

မနန်း said...

နှစ်သစ်မှာပျော်ရွှင်ပါစေ

မမသီရိ said...

ဖတ်ပြီး ၀မ်းနည်းမိတယ် အရုပ်ကလေး

မနန်း said...

အရုပ်လေးရေ
ရောက်တယ်
ဆိုက်ပြင်ထားတယ်

နန်း said...

ကဗျာဖတ်ပြီးဝမ်းနည်းသလိုပါပဲ
ကဗျာမှိုင်းမိသွားတယ်
အားလုံးကောင်းတယ်

desertraindrops said...

ကဗျာလေး ခံစားသွားတယ်နော်။ အဖေ့ကို သတိရနေတဲ့ သားတယောက်ရဲ့ ခံစားချက် ပေါ်လွင်နေတယ်။

လိုင် said...

ကဗျာရှည်ကြီးအားရပါးရဖတ်သွားပါတယ်
ကဗျာအရေးကောင်းတယ်

warwar said...

ကဗျာတွေ လာဖတ်သွားပါတယ် စာရေးဆရာရေ

ကဗျာဦး said...

၅ ကျပ်တန်လေးသိမ်းထားပါ

Mhu Darye said...

ဒါ အရိုးရှင်းဆုံးခံစားချက်.. နားလည်လွယ်တဲ့ စကားလုံးတွေနဲ့ ဖတ်လို့ အကောင်းဆုံး ကဗျာပဲ..။

ထပ်တူ ၀မ်းနည်းမိတယ်။..ပြီးတော့ ကြိုက်တယ်။